ကယားပြည်နယ်ဝန်ကြီးချုပ် နည်းပညာတက္ကသိုလ် (လွိုင်ကော်)နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) မောင်မယ်သစ်လွင် ကြိုဆို

လွိုင်ကော်      ဇန်နဝါရီ        ၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (လွိုင်ကော်)နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ဦးစွာ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ  ကျောင်းသားကျောင်းသူများက “ကယန်းသီချင်း” တိုင်းရင်းသားရိုးရာအကဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်များသည် ကျောင်းသား ကျောင်းသူများသည် ဘဝအတွက် အရေးပါသည့်ပညာရပ်များ သင်ကြားခွင့်ရရှိပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကဏ္ဍများအတွက်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆောင်ပုဒ်ကို ချမှတ်၍ ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြည်နယ်၏ ပညာရေးအဆင့်အတန်းမြင့်မားလာစေရန် အဖက်ဖက်မှကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သစ်လွင်မောင်မယ်များအနေဖြင့် မိမိတို့ ပြည်နယ်နှင့်နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ  နေထိုင်စားသောက်မှုအဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပညာရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(လွိုင်ကော်)  ဒုတိယပါမောက္ခချုပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်တို့က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (လွိုင်ကော်)နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ ကျောင်းသားကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)