လွိုင်ကော် ဇန်နဝါရီ ၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကယားပြည်နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ လွိုင်ကော်မြို့၊ လောဓမ္မအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းသားကျောင်းသူများက “လာကြနွှဲပျော်ပညာရေး စုံညီပွဲတော်” တေးသီချင်းဖြင့် အဖွင့်သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးစုံညီပွဲတော်သည် ဆရာ၊ မိဘ၊ ကျောင်းသား စည်းလုံးညီညွတ်စွာဖြင့် သုံးနားညီပါဝင်ဆင်နွှဲရသည့် ပညာရေးပွဲတော်တစ်ခုဖြစ်ပြီး စည်းလုံးညီညွတ်မှုအင်အားပိုမိုရရှိစေကာ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလာနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဗလငါးတန်နှင့် ပြည့်စုံသည့် အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများပေါ်ထွက်လာနိုင်ရေးအတွက် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်၏ ပညာရေးအဆင့်အတန်းမြင့်မားစေရေးအတွက် ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ်စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူလူငယ်များကို ကျောင်းသင်ဘာသာရပ်များအပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ပညာရေးကဏ္ဍမှ ဘက်စုံထူးချွန် ထက်မြက်သည့် အနာဂတ်သားကောင်းရတနာများအဖြစ် ပေါ်ထွန်းလာအောင်ပညာရေးမိသားစုများ၊ အုပ်ထိန်းသူမိဘများ အားလုံးဝိုင်းဝန်းကြိုးပမ်းကြရန် မှာကြားလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်နိုင်ငံတွင်ကျင်းပသည့် သုံးနိုင်ငံဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူ၊ ၂၀၂၅ ခုနှစ် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME)၌ 61 kg တန်းအောက် တစ်ဦးချင်း ကရာတေးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသူ၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ထူးချွန်ဆရာဆုရရှိသူ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာဆရာ ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၈၁)တွင် သင်တန်းသူစံပြဆုရရှိသူ၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာအဆင့် တယောအတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူ၊ ASEAN School Game ပြေးခုန်ပစ်မီတာ ၃၀၀၀ ပြိုင်ပွဲဗဟိုအဆင့် ပထမဆုရရှိသူနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ကျောင်းသားရွေးခံရသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ပြည်နယ်ပညာရေးမှူးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ကျောင်းသားကျောင်းသူများ၊ ပြည်နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒေါတမအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၃)အခြေခံပညာအလယ်တန်း ကျောင်း ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ပြီး တေးသီချင်းများဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် စုံညီပွဲတော်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နောင်ယား(ခ)ရပ်ကွက်၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းတွင် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံများနှင့် ဈေးကွက်ဝင်သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ခင်းကို တောင်သူများအချိန်မရွေးဝင်ရောက် လေ့လာနိုင်အောင် စီမံဆောင်ရွက်သွားရန်၊ တောင်သူများ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို အသုံးပြုစိုက်ပျိုးနိုင်အောင် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)