မကွေး ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်လွင်ဦး၊ နယ်မြေခံတပ်နယ်မှဗိုလ်ချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တိုင်း / ခရိုင် /မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးအောင်လွင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး၏ အပိုင်း (၁)ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ အပိုင်း(၂)၌ ကျင်းပမည့် မြို့နယ်များတွင်လည်း ယခုထက်ပိုမိုကောင်းမွန်အောင် မဲဆန္ဒရှင်ပြည်သူများ မဲရုံများတွင် မဲပေးရာ၌ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားကြရန်နှင့် ဌာနဆိုင်ရာအားလုံးမှလည်း ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အပိုင်း(၂) မြို့နယ်များတွင် နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်အတူ သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မိမိတို့ မဲရုံအလိုက် လွှတ်တော်အလိုက် မဲပေးစက်များအား စနစ်တကျ သေချာစစ်ဆေးဆောင်ရွက်ကြစေလိုကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးစက်ကိုင်တွယ်မည့် ဝန်ထမ်းများအနေဖြင့် မဲပေးစက်များအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး သင်တန်းများတွင် ပို့ချထားသည့်အတိုင်း ဆောင်ရွက်သွားကြဖို့ အရေးကြီးပါကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံး လုပ်ငန်းလက်စွဲများ၊ မဲပေးစက်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ စာအုပ်များတွင် ပြဋ္ဌာန်းထားသည့်အတိုင်း အလေးထားလိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ အပိုင်း(၁)တွင် ကြုံတွေခဲ့သော အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိက လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းမှ မကွေးတိုင်းဒေသကြီးအတွင်း အပိုင်း(၂) မြို့နယ်များ၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးမှ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမှ အပိုင်း(၂)တွင် ကျင်းပမည့် မြို့နယ်များ၏ မဲရုံများနှင့် မဲရုံသို့ လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်များ၏ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများမှ ခရိုင်/ မြို့နယ်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာလွှတ်တော်များအလိုက် မဲပေးစက်များ စစ်ဆေးမည့်အစီအမံများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆန္ဒမဲပေးသည့် ပြည်သူများအားလုံး လာရောက်၍ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးအောင်လွင်ဦးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)