လွိုင်ကော် ဒီဇင်ဘာ ၂၆
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင်မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မင်းစုရပ်ကွက်ရှိ မဲရုံအမှတ် (၁)၊ အမှတ်(၂)နှင့် အမှတ်(၃)မဲရုံများသို့ ရောက်ရှိပြီး မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေး စုဖွဲ့ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုများကိုလည်းကောင်း၊ ဆက်လက်၍ ထေးသမရပ်ကွက် မဲရုံ အမှတ် (၁) နှင့် အမှတ်(၂)သို့ သွားရောက်၍ မဲရုံများ ပြင်ဆင်ထားရှိမှု၊ မဲရုံတာဝန်ကျဝန်ထမ်းများ စုဖွဲ့ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ချိကယ်ကျေးရွာအုပ်စု မဲရုံအမှတ် (၁)၊ မင်းစုရပ်ကွက် မဲရုံအမှတ် (၄)၊ နောင်ယား (ခ) ရပ်ကွက် မဲရုံအမှတ် (၁) နှင့် နောင်ယား (က) ရပ်ကွက် မဲရုံအမှတ် (၁) နှင့် (၂)သို့ သွားရောက်ပြီး မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့ သဖြင့် မိမိကျန်းမာရေးနှင့် လုံခြုံရေးကို ဂရုပြုနေထိုင်ကြရန်၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များကို စနစ်တကျ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးနှင့် နောင်ယား(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် မဲစာရင်းကပ်ထား ကြေညာမှုအား ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် မဲစာရင်းများ လာရောက်ကြည့်ရှုစစ်ဆေးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)