ငဖဲမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ စစ်ဆေးပြီး လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ငဖဲ ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် နည်းပညာအထောက်အကူပြုအဖွဲ့များက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများစစ်ဆေးပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးမင်းသီဟသန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အိအိဇာတို့က မဲပေးစက်တည်ဆောက်ပုံ၊ မဲပေးစက်နှင့် ဆက်စပ်ပစ္စည်း (၈)မျိုး ပြည့်စုံစွာပါရှိမှု ရှိ၊ မရှိ၊ စက်ပစ္စည်းကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးနည်း၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များကို စနစ်တကျလက်တွေ့သင်ကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သည့် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ အဖွဲ့ ၉ ဖွဲ့ခွဲ၍ စနစ်တကျဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ စစ်ဆေးပြီး လက်တွေ့စမ်းသပ်မဲပေးဆောင်ရွက်ခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)