ငဖဲမြို့နယ် ဇင်ပြွန်း၊ စာတတ်ကူနှင့် ပဒါန်းကျေးရွာ(၃)ရွာ မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပ

ငဖဲ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်း၊ စာတတ်ကူနှင့် ပဒါန်းကျေးရွာ ၃ ရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ပဒါန်းကျေးရွာ ပဒါန်း-မင်းဘူးကားလမ်းဘေး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျေးရွာ ၃ ရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဒါန်းကျေးရွာရှိ ၁၁/၀.၄ ကေဗွီ၂၀၀ ကေဗွီအေ ထရန်စဖော်မာများအား စက်ခလုပ်နှိပ်၍ မီးလင်းပေးခြင်း ဆောင်ရွက်ကာ မီးလင်းရေးဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သည့် ဘင်ခရာတီးဝိုင်းအဖွဲ့၊ ဝါးညှပ်အကနှင့် စည်တော်အကများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက ဇင်ပြွန်း၊ စာတတ်ကူ၊ ပဒါန်းကျေးရွာတို့၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ပြည်သူများ ယခင်ကထက် လျှပ်စီးမီးပိုမိုသုံးစွဲနိုင်ဖြစ်ကြောင်း  ရှင်းလင်းတင်ပြရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဒေသခံတောင်သူများ၏ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မီးကြိုးအသစ်လဲလှယ် တပ်ဆင်နိုင်ရေးတင်ပြမှုအပေါ် တိုင်းဒေသကြီးတာဝန်ခံများက ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဖြေကြားကာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် နယ်မြေဒေသလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး အရေးကြီး၍ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်လျင်သုံးသီးတိုးချဲ့စိုက်ပျိုးရန်၊ အထွက်နှုန်း ကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရန်၊ သီးနှံများ အချိန်မှန်မှန်စိုက်ပျိုးကြရန်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး စိတ်ရင်းစေတနာအပြည့်ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ငဖဲမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှ Quick Win အစီအစဉ်ဖြင့်   ခရိုင်နှင့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ယူ၍ ဇင်ပြွန်းကျေးရွာ ၃.၁ မိုင်၊ ၂၀၀ ကေဗွီအေ(၂)လုံး ခွင့်ပြုရန်ပုံငွေကျပ် ၂၀၆ သန်း၊ ပဒါန်းကျေးရွာ ၁၁ ကေဗွီလိုင်း ၀.၃ မိုင်၊ ၄၀၀ ဗို့လိုင်း ၀.၄ မိုင်၊ ၂၀၀ ကေဗွီအေ(၁)လုံးခွင့်ပြုရန်ပုံငွေကျပ် ၈၈.၁၆၂ သန်းနှင့် စာတတ်ကူကျေးရွာ ၁၁ ကေဗွီလိုင်း ၀.၀၃ မိုင်၊ ၂၀၀ ကေဗွီအေ ၁လုံးခွင့်ပြုရန်ပုံငွေကျပ် ၄၇ သန်း စုစုပေါင်းကျပ်သန်း ၃၄၁.၁၆၂ သန်းဖြင့် မီးလင်းရေးဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ ယခင်နှစ်ကထက်ပိုမို၍ လျှပ်စစ်မီးသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)