ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊  ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အားကစားခန်းမတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး ယနေ့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဇူလိုင်လ ဩဂုတ်လ စက်တင်ဘာလ (၃)လအတွက် ခြောက်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌  အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများတွင် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်မှလာရောက်သူများရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီးမှ ပြည်သူများလည်းပါဝင်ပါကြောင်း၊ ယခုလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များစိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် မြို့မိ/ မြို့ဖများ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးအတွင်းရှိ  အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာနဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများ ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျောင်းအဆောက်အဦ လိုအပ်ချက်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ရရှိရေးဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၊ မြို့မိမြို့ဖများကလည်း မိမိတို့ဒေသအတွက် လိုအပ်ချက်များကိုလည်း တင်ပြပေးစေလိုကြောင်း” ဆွေးနွေးပြောကြားပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့မိ/မြို့ဖများ၊ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များက အာစရိယပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ အာစရိယပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)