အိမ်မဲ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အ-ထ-က ရွာသစ်ကျောင်းတွင် ပေ (၁၃၀ × ၃၀) RCC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စောဆန်နီတို့က ကျောင်းဆောင်သစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီးအခမ်းအနားဒုတိယပိုင်းကို အဆိုပါကျောင်း၏ပညာရတနာခန်းမ၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး ကျောင်းသား/သူများအတွက် အလှူငွေ (၁၀) သိန်းကျပ်၊ ဆရာ/မ များအတွက် အလှူငွေ (၅)သိန်း ကျပ်တို့ကို ပေးအပ်ခဲ့သည်။
ယင်းနောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်က အမှာစကားများပြောကြားပြီး အဆိုပါအခမ်းအနားတွင် မြန်မာ့ကျောင်းသီချင်းနှင့် ဇာတိမာန်သီချင်း သီဆိုပေးသော ကျောင်းသား/သူများအား ဂုဏ်ပြုငွေများပေးအပ်ခဲ့သည်။
ထို့နောက် အဆိုပါကျောင်းဆောင်သစ်ကို တာဝန်ယူတည်ဆောက်ပေးသော မဟာနန်းတော်ဝင်ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူး ကကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်