သာယာဝတီ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်မိုးလုံလေလုံ အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့က အဖွင့်အမှာစကားများပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သွင်သွင်ခိုင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ဝင်များအား သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်မှုများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/သင်တန်းသူ (၆၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)