တောင်ငူ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မဲဆန္ဒရှင်စာရင်းများ စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝင်းအတွင်းရှိ နတ်သျှင်နောင်ခန်းမနှင့် ပြည်သူ့ဝန်ဆောင်မှုရုံးတို့၌ ဆောင်ရွက်သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်တို့က နိုင်ငံရေးပါတီကိုယ်စားလှယ်များအား တွေ့ဆုံပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးဝန်ထမ်းများဖြင့် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲနည်းဥပဒေ ၈ နည်းဥပဒေခွဲ (ခ) နှင့်အညီ မဲစာရင်းများပြည့်စုံမှန်ကန်စေရန် ရပ်ကွက်ကျေးရွာအုပ်စုများရှိ ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ မြေပြင်တွင်ပြန်လည်ရောက်ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသောသူများနှင့် သေဆုံးသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)