ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် (၀၈:၀၀) နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာဦးသန့်ဇော်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဝေလွင်နှင့်အလှူရှင်များမှ အလှူငွေများနှင့်အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် (၇၀) နှစ်နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ယနေ့တွင်အဘိုးအဘွား (၁၁၅) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကာ ယခုဆိုလျင် (၂၀) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)