စစ်တွေ ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် တည်ဆောက်ရေးသုံးပစ္စည်းများ၊ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီမြန်မာ့အလှသင်္ဘောဖြင့် ရန်ကုန်မြို့မှ တည်ဆောက်ရေးသုံး ပစ္စည်းများ၊ အမ်ဗွီရွှေရည်ဝတ်မှုန်သင်္ဘောဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ရောက်ရှိလာကာ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီမြန်မာ့အလှသင်္ဘောပေါ်မှ တည်ဆောက်ရေးသုံးပစ္စည်းများအား လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရွှေရည်ဝတ်မှုန်ပေါ်မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော အမ်ဗွီမြန်မာ့အလှသင်္ဘောတွင် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း စုစုပေါင်းတန်ချိန် ၁၅၇၅ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေရည်ဝတ်မှုန်သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၇၀၈ ဒသမ ၂၄ တန်တင်ဆောင်၍လည်းကောင်း စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် May Yu Stars Development Co., Ltd မှ ဒါရိုက်တာ အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချူပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ခေတ်မီအဆင့်မြင့် ဈေးသစ်တစ်ခုပေါ်ပေါက်ပြီး လူနေမှုအဆင့်အတန် မြင့်မားလာစေရေးအတွက် May Yu Stars Development Co., Ltd မေယုအဆင့်မြင့်ဈေးတည်ဆောက်ရေးစီမံကိန်း (Mya Yu Shopping Complex) ကို တည်ဆောက်ခဲ့ရာ Covid-19 ရောဂါ ဒုတိယလှိုင်း၊ တတိယလှိုင်းများနှင့် တိုက်ဆိုင်ပြီး တည်ဆောက်ရေးလုပ်ငန်းများရပ်နားခဲ့ရကြောင်း၊ ထို့ပြင် မိုခါမုန်တိုင်းတိုက်ခတ်မှု၊ နယ်မြေဒေသအခြေအနေအရ ယခုအချိန်ထိ စီမံကိန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် စီမံကိန်းပြီးစီးအောင် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြပေးကြစေလိုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း စီမံကိန်းပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် မေယုအဆင့်မြင့်ဈေး (May Yu Shopping Complex) တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ May Yu Star Development Co., Ltd မှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)