ဟင်္သာတ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ မျှဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျောက်တော်ကြီး ကုန်းရှေ့၊ ဟင်္သာအဝိုင်းနှင့် ဦးရွှေဒေး လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များက “ဒို့အတူတူမဲပေးကြမယ်” ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပတ်ဖျန်းပေးပြီး ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကျေပွန်စွာထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူအားလုံးပါဝင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ဟင်္သာတ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဟင်္သာအဝိုင်း၊ ပဒေသာစျေးရှေ့နှင့် လူစည်ကားရာနေရာများနှင့် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးနေသူများအား အသစ်ပြန်လည်ထုတ်ပေးရာသို့ လာရောက် ဆောင်ရွက်ကြသော ကျေးလက်နေပြည်သူများထံသို့လည်း ဖြန့်ဝေခဲ့ကြသည်။
“ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးလှိုင်ထွန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်ပြန်/ဆက်နှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)