ဒေးဒရဲ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စာသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူမျာ စပါးအပြင် ဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေးရည်ရွယ်၍ ဆောင်းနေကြာနှင့် ဆီပဲပုပ်မျိုးစေ့ချ စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက တော်ကမယ်ကျေးရွာ၊ ကွင်းအမှတ် (၂၅၅)၊ ဦးပိုင်အမှတ် (၂၈/၄၊ ၂၈/၅)ရှိ တောင်သူဦးအေးလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်းနေကြာမျိုးစေ့ချစိုက်ပျိုးပွဲအား မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်းနေကြာစိုက်ဧရိယာ (၅) ဧကတွင် (ရေဆင်း-၂) နေကြာမျိုးစေ့နှင့် ဆီပဲပုပ်တစ်ဧကအား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိထားဆောင်ရွက်လျက်ရှိသည့် မြို့ဖြစ်သည့်အညီ ဒေသခံတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးအတွက် နွေစပါး (၇၇၇၃၀) ဧက၊ ဆောင်းနေကြာ (၉၂၀၀) ဧကနှင့် ဆီပဲပုပ်စိုက်ခင်း (၁၀၀) ဧက စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း