ငါးသိုင်းချောင်းမြို့တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

ငါးသိုင်းချောင်း ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေးအစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများပူးပေါင်း၍ အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ စုပေါင်းကာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ငါးသိုင်းချောင်းမြို့ရှိ လူစည်ကားရာ နေရာများဖြစ်သော ကားဂိတ်၊ မြို့မဈေးနှင့် အ.ထ.က ကျောင်းတို့တွင် အသိပညာပေး ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အသိပညာပေး ဆောင်ပုဒ်များ ပါဝင်ပြီး အဆိုပါဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေးကောက်ပွဲဆိုင်ရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်လှုံ့ဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)