အိမ်မဲမြို့နယ် အ-ထ-က(ခွဲ) ညောင်ငူတွင်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ညောင်ငူကျေးရွာ၊ အ-ထ-က(ခွဲ) ညောင်ငူကျောင်းတွင် မြို့နယပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့် ရည်မှန်းချက်၊ စာပေဖတ်ရှုခြင်း၏အကျိုး၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄) မျိုး၊ လူငယ်နှင့် ကျန်းမာကြံ့ခိုင်ရေးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲ တို့နှင့်အတူ အဆိုပါကျောင်းမှ ကျောင်းသား/သူ များဖြစ်ကြသော မောင်ရဲရင့်အောင်၊ မောင်ဇော်လင်းသန့်၊မောင်လရောင်လင်း၊ မနန့်ရှာခီလား၊ မသရဖီလင်း၊ မလင်းလတ်နေခြည်ဦးတို့က လူငယ်နှင့်စာပေဖတ်ရှုခြင်းအကျိုး၊ လူငယ်နှင့်လုံ့လဝီရိယ၊ လူငယ်နှင့်အောင်မြင်ရေး၊ လူငယ်နှင့်အားကစား၊လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသော ကျောင်းသား /သူ များကမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းအတွက် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသပေးခဲ့ကြောင်းနှင့် လူကုန်ကူးမှု အန္တရာယ်အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ချစ်သက်လယ်