သာပေါင်း ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက်"ဒို့အတူတူမဲပေးကြမယ်"အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးရှေ့မှ ကန္နားလမ်းတစ်လျောက်၊ အများပြည်သူသွားလာစည်ကားရာ လမ်းဆုံလမ်းမများတွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များတို့ပူးပေါင်း၍
ဈေးရောင်း/ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်ဂိတ်များရှိ ခရီးသွားပြည်သူများအား ရွှေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် "ဒို့အတူမဲပေးကြမည်" လက်ကမ်းစာစောင်ပါ"ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ "စသည့် ဆောင်ပုဒ်များပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး(ပြန်/ဆက်)