ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ် ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ငူကျေးရွာကမ်းပြိုကာကွယ်ရေး ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်း‌ အလျား(၁၂၀) ပေဆောင်ရွက်နေမှုများ၊ ၂၀၂၅-၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၀၀ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းပိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ဘိုးပိုင်အခြေပြုကျောက်ပြားကပ်တမံ အလျား ၁၀၀ ပေ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေးကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းလျားကျေးရွာ ရွာလယ်ကျောင်းတိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ အရိုးအကြောအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီးနောက် ကွင်းလျားကျေးရွာ ရွာလယ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ကဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလို၍ တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ်‌ကြေညာကပ်ထား ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ Grade-12ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် ကျန်းမာရေးကိုလည်း ဂရုစိုက်နေထိုင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရေးအတွက်လည်း ဆရာ၊ မိဘ၊ ကျောင်းသားက ပူးပေါင်းဆောင်ရွက် သွားကြရန်လိုပါကြောင်း ဆွေးနွေးပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကမ်းနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနီကျေးရွာ၊ ရန်အောင်မင်္ဂလာကျောင်းတိုက်၌ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ နား၊ နှာခေါင်းလည်ချောင်းအထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ အရိုးအကြောအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာဝန်ကြီးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနီကျေးရွာ ရန်အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ်‌ကြေညာကပ်ထား ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများနှင့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများပြသမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)