အိမ်မဲ ဒီဇင်ဘာ ၁၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည်သူအားအသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် အိမ်မဲမြို့ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
“ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို အိမ်မဲမြို့ မြို့မစျေးကြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့နှင့် မြို့အဝင် လူစည်ကားရာနေရာများတွင်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်ကို မြို့အဝင်ဘုရင့်နောင်ချွန်းထိပ်တွင်လည်းကောင်း စိုက်ထူခဲ့ကြပြီး ထိုကဲ့သို့ ဖြန့်ဝေခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)