ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့၌ အခမဲ့ဆေးကုသသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး

အိမ်မဲ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခုတင် (၅၀)ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှု၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ပံ့ပိုးမှုဖြင့် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိပြည်သူများအား အခမဲ့ဆေးကုသသည့် လုပ်ငန်းများကို ဒီဇင်ဘာလ (၆) ရက် နံနက် ၈ နာရီအချိန်ကစတင်ကာကုသပေးလျက် ရှိသည်။

ထိုကဲ့သို့ ကုသပေးလျက်ရှိရာ မွန်းလွဲ (၁)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အဆိုပါကွင်းဆင်းဆေးကုသမှုပေးနေသည့် အခြေအနေများကို ကြည့်ရူ့ကာလာရောက်ပြသသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ကွင်းဆင်းဆေးကုသည့် အထူးကုဆရာဝန်များအတွက် အမှတ်တရသစ်သီးခြင်းများ လက်ဆောင်ပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်တဦးမှ လက်ခံရယူခဲ့သည်။

အဆိုပါအခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဆေးရုံအုပ်ကြီး ဦးဆောင်၍ ကလေးအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကု ဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်၊ အရေပြား အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ နား/နှာခေါင်း/လည်းချောင်းအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်၊ လုပ်ငန်းအရာရှိ(အကြောအဆစ်)နှင့် ကျောင်းကုန်းပြည်သူ့ဆေးရုံမှ သားဖွားမီးယပ် အထူးကု ဆရာဝန်နှင့် အိမ်မဲမြို့ပြည်သူ့ဆေးရုံ အထူးကုဆရာဝန် (ဆေးပညာ) တို့ပါဝင်ပြီး လူနာစုစုပေါင်း (၈၀၀) ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်းနှင့် ရောဂါရှာဖွေစစ်ဆေးခြင်း အနေဖြင့် ဓာတ်မှန်ရိုက်ကူးသူ (၁၇) ဦး အာထရာဆောင်း ရိုက်သူ (၃၆) ဦး၊ သွေးဖောက်စစ်ဆေးသူ (၁၁၂) ဦး၊ ECGစမ်းသပ်သူ (၃၈)ဦး တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)