မင်းဘူး နိုဝင်ဘာ ၂၈
မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ၂၀၂၆ ခုနှစ်၊ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ကျင်းပမြဲဖြစ်သော (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း (၈၆)ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စတင်ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကိစ္စစဉ်များအား ပြောကြားပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီက သက်ဆိုင်ရာလုပ်ငန်းအလိုက် ရှင်းလင်းတင်ပြသည်။
အဆိုပါအစည်းအဝေးတွင် ပင့်သံဃာဆရာတော်များနှင့် ဌာနဆိုင်ရာများအား ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဝေယျာဝစ္စလုပ်ငန်းများ၊ ဘုရားပွဲတော် မုခ်ဦးနှင့်ဖွင့်ပွဲအခမ်းအနားပြင်ဆင်ရေး၊ ဘုရားပွဲမြေနေရာ (မန်းချောင်းသောင်ပြင်)ပြင်ဆင်ရေး၊ အဆောက်အဦ၊ အထူးတံတား၊ ဈေးဆိုင်ခန်း၊ တည်းခိုဆောင်များ နေရာချထားရေးနှင့် ဆောက်လုပ်ရေး၊ ပွဲတော်နှင့်ပတ်သက်သည့် တင်ဒါ၊ လေလံ၊ ခေါ်ယူရောင်းချရေးလုပ်ငန်းများ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဘုရားပွဲတော်လုံခြုံရေးစသည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးညှိနှိုင်းသည်။
မောင်မောင်(မင်းဘူး)