မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖလံရုံကျေးရွာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်

မင်းဘူး နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်မှ အမျိုးသမီးများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်နှင့် အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ဖလံရုံစံပြကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဖလံရုံကျေးရွာ ဇဗ္ဗူရတနာသိဒ္ဓိကျောင်း အန္တသုခဓမ္မာရုံ၌ ကျေးရွာအတွင်းရှိ အမျိုးသမီးများနှင့် တွေ့ဆုံရာ တိုင်းအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်က အမျိုးသမီးတို့ ဘဝလုံခြုံရေးနှင့် စနစ်တကျနေထိုင်စားသောက်တတ်စေရေး အသိပညာပေးစကား ပြောကြားကာ ကျေးရွာရှိ သက်ကြီး အဘိုး၊ အဘွား (၂၀) ဦးအား ငွေသား၊ စားသောက်ဖွယ်ရာနှင့် ဆေးဝါးပစ္စည်းများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦး၊ ပိုလီယိုရောဂါသည် ၁၂ ဦးတို့အား စားသားဖွယ်ရာနှင့် ငွေသားများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့် ၁ ဒေါ်သီတာဝင်း ဦးဆောင်သော ကျန်းမာရေး ဆရာမများနှင့် မြိူ့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး ဒေါ်ညိုညိုသန့် ဦးဆောင်သော တိုင်းရင်းဆေးဆရာမများက ရွာသူ၊ ရွာသားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပြီး၊ တိုင်းအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာအတွင်း လှည့်လည်၍ ရေတွင်းရေကန်၊ အိမ်သာနှင့် အမှိုက်ပုံးများ စနစ်တကျထားရှိခြင်း ရှိမရှိ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘဝအလင်းရောင်စာကြည့်တိုက်အား သုတ/ရသစာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)