ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁၅၄၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၉၂ ဒသမ ၇၁ တင်းနှုန်း ထွက်ရှိ

ပွင့်ဖြူ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁၅၄၄ ဧကထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၇၀၀၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသော စပါးစိုက်ခင်းများကို ယခုနှစ် နိုဝင်ဘာလ ပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၁၅၄၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်အတွင်း စပါး ၇၀၀၃၃ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို လက်ရှိမှာ ရိတ်သိမ်းခြွေလှေ့နေကြပြီး ဒီနေ့ထိ ၁၅၄၄ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပါတယ်။ စပါးစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တစ်နှစ်ထက် တစ်နှစ်အထွက်နှုန်းတွေ တိုးတက်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သီးနှံဖျက်ပိုးရောဂါကင်းရှင်းရေး စတဲ့လုပ်ငန်းများကို တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ စပါးအချိန်မီစိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိအောင်၊ စိုက်ပျိုးပြီးချိန်မှာလဲ သီးနှံအောင်ရေ အပြည့်အဝရရှိအောင် သက်ဆိုင်ရာစပ်ဆက်ဌာနများနဲ့ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးတောင်သူများကို စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်နည်းစနစ်များမှန်ကန်ရေး၊ စိုက်ပင်အရေအတွက် ပြည့်မီရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ မြေဩဇာနှင့်သွင်းအားစုများ အချိန်ကိုက်သုံးစွဲတတ်စေရေး ၊ပိုးမွှားရောဂါကင်းရှင်းရေးစသည့် လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စပါးကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွးဘဝများ မြင့်မားတိုးတက်လာနိုင်မည်ဖြစ်ရာ စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)