တောင်တွင်းကြီးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိ

တောင်တွင်းကြီး  နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

ဝက်သားပေါက်မွေးမြူရေးလုပ်ကိုင်ရာတွင် ဝက်သားပေါက်ကောင်များအား သတ်မှတ်ထားသည့် အသက်အရွယ်အလိုက် သားဖြတ်ခြင်း၊ သံဓာတ်အားတိုးဆေးထိုးပေးခြင်း၊ ဝက်အထီးများအားသင်းကွပ်ခြင်း၊ ဝမ်းကျကာကွယ်ဆေးထိုးပေးခြင်း စသည့်အရာများကို မျိုးကောင်းမျိုးသန့်ရရှိစေရေးအတွက် မွေးကင်းစအရွယ်မှစ၍ စနစ်တကျပြုစုပျိုးထောင်ပေးရခြင်း၊ ဝက်သားပေါက်ကောင်လေးများအား အစာစားတတ်စေရန်  တစ်ပတ်သားအရွယ်မှစ၍ လေ့ကျင့်ပေးပြီး (၃၅)ရက်သားအရွယ်တွင် မိခင်နှင့်သားခွဲနေထိုင်စေကာ (၄၅)ရက်သားအရွယ်တွင် စတင်ရောင်းချလျက်ရှိသည်။

သားဖောက်ဝက်မကြီးသည် ဝက်တစ်သားလျှင် (၁၀)ကောင်မှ (၁၄)ကောင်အထိ ပေါက်ဖွားလျက်ရှိပြီး တစ်လခွဲနှင့် နှစ်လသားအရွယ်များတွင် စတင်ရောင်းချနိုင်ကာ ဝက်သားပေါက် တစ်ကောင်လျှင် ကြီးထွားမှုအရွယ်အစားအလိုက် ငွေကျပ်(၃၀၀၀၀၀)သိန်းမှ (၃၅၀၀၀၀/-) ကျပ်အထိ စျေးကောင်းရရှိပြီး တစ်လခွဲသားအရွယ် (သို့မဟုတ်) နှစ်လသားအရွယ်များတွင် စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းကို  အဓိကထားလုပ်ကိုင်ကြပြီး ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ကျွဲများကို မွေးမြူခြင်းဖြင့် နွားချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို လယ်ယာမြေအတွက်လိုအပ်သော သဘာဝမြေသြဇာများအဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)