သရက် နိုဝင်ဘာ ၂၇
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိပြီး မကြာမှီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် သရက်အကျဉ်းထောင်မှ အကျဉ်းသား(၃)ဦးအား ယနေ့နံနက် (၈)နာရီက ကင်းလွတ်ခွင့်ပေးခဲ့သည်။
ထိုသို့ ကင်းလွတ်ခွင့်ပေးရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် သရက်အကျဉ်းထောင်တွင် ရာဇာတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်မှုထင်ရှားစီရင်ခံရပြီး ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား(၃)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းသို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် သရက်အကျဉ်းထောင်မှ အကျဉ်းသား(၃)ဦးအား သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးနှင့်တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ ကင်းလွတ်ခွင့်ပေးကြကြောင်း သိရသည်။
သရက်ခရိုင်(ပြန်/ဆက်)