မင်းဘူး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ မင်းဘူးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က အမှာစကားပြောကြားပြီး မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က နိုင်ငံတော်အတွက် ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသားလူငယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်ဝသော လူတော်လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ကာ မင်းဘူးမြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူ ငါးဦးတို့က "လူငယ်နှင့် အားကစား၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာပေ" စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးခဲ့ကြသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသားကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)