ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေး

ပခုက္ကူ နိုဝင်ဘာ ၂၇

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်  ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ကင်းလွှတ်ခွင့်ပေးခဲ့သည်။

ထို့သို့ကင်းလွှတ်ခွင့်ပေးရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပခုက္ကူအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်မှုထင်ရှားစီရင်ခံရပြီး  ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား(၂)ဦးနှင့် အကျဉ်းသူ(၁)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးသန်းဝင်းနှင့်တာဝန်ရှိသူများက ဆုံးမစကားများပြောကြားကာ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်