ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာအဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောင်ပွဲအရာရှိနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်သောင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းအား ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆင်ပေါင်ဝဲမြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံ(၆၁)ရုံတွင် မဲရုံ၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ(၁၂၅)ဦးနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်သင်တန်းသား (၅၆)ဦး စုစုပေါင်း(၁၈၁)ဦးကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်သောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သီရိလွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ရွေးကောက်ပွဲစနစ်အ‌ကြောင်းနှင့်ပတ်သက်၍  မဲပေးစက်တည်ဆောက်ပုံ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ စက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ မနက်(၉)နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ နိုဝင်ဘာလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ  (၃)ရက်တာကာလ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်ထွန်းနှင့်အဖွဲ့ဝင်များက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာအဖွဲ့ခွဲများအား ရှင်းလင်းပို့ချနေမှုများကို အားပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)