ရေနံချောင်း နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒေသခံစိုက်ပျိုးရေးတောင်သူများတက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက သီးနှံဝင်ငွေတိုးပွားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ၊ သီးနှံထုတ်ကုန်များတွင် အရည်အသွေးပြည့်မီစေရန်နှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရာတွင် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများဖြင့် သီးနှံကာကွယ်ခြင်းလုပ်ငန်းများ၊ ပိုးသတ်ဆေးစနစ်တကျသုံးစွဲနည်းများနှင့် သဘာဝဓာတ်မြေဩဇာပြုလုပ်သုံးစွဲနည်းများကို ရှင်းလင်းဆွေးနွေးရာ တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးကောင်းသောက်၊ ဧရာဝတီမြစ်ရေနှင့် မြေအောက်ရေကိုအသုံးပြု၍ ရာသီအလိုက်သီးနှံစုံစိုက်ပျိုးလုပ်ကိုင်ကြရာ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို ဒေသခံတောင်သူများအား အသိပညာပေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)