ဘိုကလေး နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံးခန်းတွင် ယနေ့နံနက် (၉) နာရီခွဲ အချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ အင်အား(၂၀၀)ကျော်တက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ယခုသင်တန်းတွင် မဲပေးစက်များ တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်များအား SD ကဒ်များ ထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်း စသော နည်းပညာများအား စနစ်တကျ ပို့ချမည်ဖြစ်ပြီး မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ/မများ အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိတ်စေတနာ အပြည့်အဝဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးခင်မောင်ရင်က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ သိရှိရန်လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဒေါ်ပိုးဒါလီက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာများအား လက်တွေ့သရုပ်ပြ ရှင်းလင်းပို့ချသည်။
ဘိုကလေးမြို့နယ်အနေဖြင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား (၂၀၂၆) ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက် (၁၁၉၄)လုံးအား အချိန်မီ တပ်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်းအား မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများကို သင်တန်းပို့ချခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)