ဟိုင်းကြီးကျွန်းမြို့၌ ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာ

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များမဲပေးရာတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေငြာခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများ ကို နိုဝင်ဘာလ ၂၁ နံနက်မှ စတင်ကပ်ထား ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

အဆိုပါမဲစာရင်းများကို နိုဝင်ဘာလ (၂၁)ရက်မှ ဒီဇင်ဘာလ (၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပေးသွားမှာဖြစ်ပြီး ပထမအကြိမ်ကမဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှုမရှိသေးသော ပြည်သူများမှ သက်ဆိုင်ရာနယ်မြေအလိုက်မဲဆန္ဒရှင်စာရင်းများတွင်မိမိတို့ အမည်များပါရှိမှု ရှိ/မရှိ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြပြီး မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုး ကြောင့်ပါဝင်ခြင်းမရှိသေးသည့်ပြည်သူများရှိပါက ထပ်တိုးစာရင်းပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်များ၏ အချက်အလက်များပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုပါကပုံစံ (၄)ဖြင့်လည်းကောင်း ဖြည့်စွက်ကာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)