ငရုတ်ကောင်း နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စကားပြောဆိုမှုစွမ်းရည်များ၊ အသိပညာစွမ်းရည်များတိုးတက်စေရန်အတွက် ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းတွင်ရှေးဦးစွာ စမ်းချောင်းကျေးရွာ (အ.လ.က) တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းဦးမှ အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်မှ လူငယ်စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားသည်။
ထို့နောက်လူငယ်စကားဝိုင်းကိုကျင်းပရာ Grade-7 ကျောင်းသားမောင်ခန့်ကိုကိုနိုင်မှ လူငယ်နှင့်ပရဟိတခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား မောင်လင်းရတုချိုမှ လူငယ်နှင့်ငွေကြေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မသွန်းသံသာမှ လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မရွှေအိမ်မင်းစံမှ လူငယ်နှင့်ဆေးလိပ်အန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ခေါင်းစဉ်အလိုက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးမှ ပြန်လည်သုံးသတ်ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများမှ ခေါင်းစဥ်အလိုက် သိလိုသည့်မေးခွန်းများကို ပြန်လည်မေးမြန်းသည့်အခါ ဆွေးနွေးပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပါဝင်ဆွေးနွေးကြသောကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကာ စာအုပ်စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)