ကြံခင်း နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ဆန်၊ ဆီနှင့် ကြက်ဥများကို ယနေ့နံနက်(၈)နာရီအချိန်က ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆီကုန်သည်များအသင်းနှင့်ပူးပေါင်း၍ ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းပေးလျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ဆန်(ပေါ်ဆန်း) (၁)ပြည်ငွေကျပ် ၅၀၀၀၊ ဆင်းသုခ (၁)ပြည် ၂၀၀၀၊ ဆီ (၁) ပိသာငွေကျပ် ၆၈၈၅ နှင့် ကြက်ဥ တစ်လုံး ငွေကျပ် ၄၀၀ နှုန်းတို့ဖြင့် စုစုပေါင်း ဆန် (၁)အိတ်၊ ဆီ ပိသာ ၂၂၀၊ ကြက်ဥ ၅၀၀ လုံး ရောင်းချပေးလျက်ရှိသည်။ ထို့သို့ အငြိမ်းစားနိုင်ငံဝန်ထမ်းများဝယ်ယူနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်းတာဝန်ရှိသူများ ကြည့်ရှုအားပေးကြ သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား စားအုန်းဆီတစ်ဦးလျှင် တစ်ပိသာနှုန်း ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)