ပုသိမ် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်ခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-မော်တင်ကားလမ်းဘေး (၂၈) မိုင်ရှိ Myanmar Agri-Tech Ltd ၏ သဘာဝတောနှင့် ထပ်မံစိုက်ပျိုးထားသည့် အပင်များအောက်တွင် စိုက်ပျိုးထားသည့် ရိုဘက်စတာ မြေပြန့်ကော်ဖီပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကော်ဖီပင်အောက်ခြေပေါင်းမြက်များရှင်းလင်းခြင်း၊ မြေဆွခြင်း၊ ကော်ဖီသီးများ စတင်ခူးဆွတ်အခြောက်ခံခြင်းများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ရိုဘက်စတာ Robusta(TR4/TR9) တစ်ဧကလျှင် ကော်ဖီပင်(၄၃၅) ပင်စီဖြင့် ၃၁၀ ဧက စိုက်ပျိုးထားရှိမှု၊ အပင်သက်တမ်း သုံးနှစ်ကျော်ချိန်မှ စတင်၍ အသီးမှည့် ခူးဆွတ်လာခဲ့ရာ နှစ်စဉ်တိုးတက်လာမှု၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုး၊ မြေဩဇာ၊ ဆေးဝါးသုံးစွဲမှု၊ ရေလိုအပ်မှုနှင့် ပျိုးခြံတွင် ပျိုးထောင်မှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးတွင် ကော်ဖီသီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပါကြောင်း၊ ဥယျာဉ်ခြံများ၊ နှစ်ရှည်သစ်တောစိုက်ခင်းများအတွင်း မြေပြန့်ကော်ဖီ (ရိုဘက်စတာမျိုး) များကို စိုက်ပျိုးဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ပြည်ပပို့ကုန်များ ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း၊ ကော်ဖီစံပြစိုက်ခင်းများ ထူထောင်လုပ်ကိုင်မည်ဆိုပါက ကော်ဖီစိုက်ပျိုးရေးကိုစိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူများကလည်း ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-မော်တင်ကားလမ်းဘေး (၂၂)မိုင်ရှိ Myanmar Agri-Tech Ltd သို့ဆက်လက်သွားရောက်၍ Robusta ကော်ဖီမျိုးအား မြေပြန့်ချယ်ရီပင်၊ လဲမှို့ပင်စသည့် အရိပ်ရပင်များအောက်တွင် စိုက်ပျိုးထားထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ကော်ဖီပင်စိုက်ပျိုးထားရှိမှု၊ ကော်ဖီအသီးမှည့် ခူးဆွတ်ရရှိမှု အခြေအနေများ၊ ကုန်ကြမ်းအဖြစ် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချမှု၊ ပျိုးခင်းများအတွက် မျိုးစေ့များအဖြစ်ရောင်းချပေးမှု၊ ကော်ဖီမှုန့်များထုတ်လုပ်ရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတုကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းသည့်နေရာများတွင် တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ အရိပ်ရပင်များအောက်တွင် ကော်ဖီပင်အပြင် ငရုတ်ကောင်းပင်များပါ စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ငွေဆောင်ကားလမ်းဘေး မိုင်တိုင် (၁၇) မိုင်၊ သလပ်ခွာကြိုးဝိုင်းအတွင်း ပျဉ်းကတိုးစိုက်ခင်း (၃၅၀) ဧက ရှင်သန်ကြီးထွားအောင်မြင်မှုများနှင့် ပျဉ်းကတိုးစိုက်ခင်းအတွင်း ကော်ဖီပင်များစိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သစ်တောစိုက်ခင်းများအတွင်း ကော်ဖီသီးနှံများကို စိုက်ပျိုးခြင်းအားဖြင့် သစ်တောစိုက်ခင်းများမှ အကျိုးအမြတ်ရရှိသည့်အပြင် ကော်ဖီသီးနှံမှလည်း အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ခြောက်သွေ့ရာသီရောက်ရှိလာတော့မည်ဖြစ်သဖြင့် ကော်ဖီသီးနှံများအတွက် ရေလုံလောက်စွာရရှိရေးအတွက် ရေပေးဝေမှုများကို စနစ်တကျရရှိအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကော်ဖီပျိုးပင် ပျိုးထောင်မှုများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၁၇၄၀၀၀၀) ပင်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၈၇၀၀၀၀ပင် ပျိုးထောင်ကာ တစ်နှစ်လျှင် (၂၆၀၀) ဧကခန့် တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)