နတ်မောက် နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် နတ်မောက် မူလတန်းကြိုကျောင်းတို့ပူးပေါင်း၍ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် ၈ နာရီက အဆိုပါမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းသား/သူကလေးငယ်များက မြန်မာအားကစားကမ္ဘာလွှမ်းရမည်သီချင်းနှင့် ပွဲသိမ်းဂိုးသီချင်းတို့ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူ သားငယ် သမီးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ရိုးရိုးပြေး၊ အရုပ်ဆက်၊ အရုပ်ကောက်၊ ရေဖြည့်၊ ကြက်ဥကောက်၊ ဇွန်းကိုက်၊ ဝက်အူရစ်၊ ခုံလု၊ ပုံသဏ္ဍာန်အံသွင်း၊ ပိုက်ဆက်၊ Bowling၊ ကြိုးထိုး၊ ရေဘူးစွပ်၊ ကွင်းစွပ် စသည့်ပြိုင်ပွဲများကို အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/မများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အား/ကာမှူးနှင့် ဝန်ထမ်းတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိကြသည့် သားငယ်၊ သမီးငယ်လေးများကို တာဝန်ရှိ ဆရာ/မများနှင့် အား/ကာမှူးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သားငယ်၊ သမီးငယ်လေးများ၏ မိဘများနှင့်အတူ ပျော်ရွှင်စွာပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း