ပခုက္ကူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပခုက္ကူ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲအရာရှိများ၊ အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများဒုတိယအကြိမ် ကြေညာကပ်ထားမှုအား လှည့်လည်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ဒုတိယအကြိမ် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကို သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။

ကယ်ရီမောင်