မြို့သစ်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ ပြည်သူများလာရောက်ကြည့်ရှု

မြို့သစ် နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။ 

ထိုသို့  မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင်  အသက်(၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆) ရှိပြီး မဲစာရင်း၌မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄) ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စုရှိ ကျေးရွာပေါင်း (၁၄၁) ရွာတွင် မဲရုံပေါင်း (၁၀၆) ရုံဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန်