ကယားပြည်နယ်ဝန်ကြီးချုပ် ရှမ်းနှစ်သစ်ကူးနေ့အခမ်းအနား တက်ရောက်

လွိုင်ကော် အောက်တိုဘာ ၂၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက်၌ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရှမ်းနှစ်သစ်ကူးနေ့ ကျင်းပရေးဦးစီးကော်မတီ တာဝန်ရှိသူများက ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပသည့် ရှမ်းနှစ်သစ်ကူးနေ့အား မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများကို မြတ်နိုးတန်ဖိုးထား လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေရန်နှင့် ဂုဏ်ယူနိုင်ရန်အတွက် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြပြီး လူမျိုးတစ်မျိုး၏ အမြတ်တနိုး တန်ဖိုးထား ထိန်းသိမ်းလာသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အခြားတိုင်းရင်းသားလူမျိုးတို့က သိရှိနားလည်ပြီး အပြန်အလှန် လေးစားတန်ဖိုးထားကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အချင်းချင်းနားလည်မှု၊ ယုံကြည်မှုများဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ရှမ်းနှစ်သစ်ကူးနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လက်ခံရယူ သည်။

ထို့နောက် ရှမ်းနှစ်သစ်ကူးနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌက ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လင်ဖုံလေးကိန္နရီအကအဖွဲ့၊ ရှမ်းတို့အလှကိန္နရီအကအဖွဲ့၊ လောပိတရှမ်းယဉ်ကျေးမှုအကအဖွဲ့၊ လင်ဖုံလေးလူငယ်ယဉ်ကျေးမှု အကအဖွဲ့၊ ဘုရားဖြူရှမ်းယဉ်ကျေးမှုအကအဖွဲ့နှင့် လင်ဖုံလေးယဉ်ကျေးမှုအကအဖွဲ့များ၏ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လင်ဖုံလေးကိန္နရီအကအဖွဲ့၊ ရှမ်းတို့အလှကိန္နရီအကအဖွဲ့၊ လောပိတရှမ်းယဉ်ကျေးမှုအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ အကအဖွဲ့ ကိုယ်စားလှယ်များက အသီးသီးလက်ခံရယူခဲ့သည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လင်ဖုံလေးလူငယ် ယဉ်ကျေးမှုအကအဖွဲ့၊ ဘုရားဖြူရှမ်းယဉ်ကျေးမှုအကအဖွဲ့၊ လင်ဖုံလေးလူကြီးယဉ်ကျေးမှု အကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ရှမ်းနှစ်သစ်ကူးနေ့ ကျင်းပရေးကော်မတီ နာယကက ရှမ်းနှစ်သစ်ကူးနေ့ကျင်းပနိုင်ရန် ကူညီပံ့ပိုးသူများအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ရှမ်းနှစ်သစ်ကူးကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၊ ရိုးရာအကအဖွဲ့များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

၎င်းနောက် တည်ခင်းဧည့်ခံသည့် ရိုးရာစားသောက်ဖွယ်ရာများကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)