ကြံခင်း နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(ပန်းရံစု)ကျောင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်ကာ နိုဝင်ဘာ ၁၉ ရက်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပသည်။
အခမ်းအနားတွင် အခြေခံပညာမူလတန်းကျောင်း(သဲဖြူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို လစဉ်လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် “စာပေဖတ်ရှုရခြင်းနှင့် အသိအလိမ္မာ”ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်၍ အ.မ.က(ပန်းရံစု)ကျောင်းမှ မူလတန်းပြဆရာ ဦးဇော်လွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးက သက်ဆိုင်ရာ ပြိုင်ပွဲခေါင်းစဉ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး၊ မီးခိုးမြူငွေ့အန္တရာယ်အသိပညာပေး နံရံကပ် စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)