ကျောင်းကုန်းမြို့ အ.ထ.က (၁) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းကုန်း နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌက အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ လူငယ်နှင့်စာပေကဏ္ဍအား Grade-11 မှ မဆွေဇင်ထက်ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးကဏ္ဍအား Grade-10 မှ မောင်ရှင်းသန့်ပြည့်စုံကလည်းကောင်း၊ လူငယ်နှင့်ပညာကဏ္ဍအား Grade-12 မှ မောင်ရှိုင်းထက်အောင်ကလည်းကောင်း၊ လူငယ်နှင့်စည်းကမ်းကဏ္ဍအား Grade-11 မှ မဆုလာဘ်ရတီလင်းကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များဖတ်ရှုစေကာ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ပတ်ဝန်းကျင်သာယာဖို့ အမှိုက်စွန့်ပစ်ကြပါစို့ စသည့် သိကောင်းစရာနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)