တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့သို့ရောက်ရှိ၊ ကျောင်းကျန်းမာရေးပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ဟိုင်းကြီးကျွန်းမြို့ နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိရာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

ထို့နောက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဟိုင်းကြီး)၌ ကျောင်းကျန်းမာရေးပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ စတင်ဆောင်ရွက်ပေးကြသည်။

ဦးစွာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ကလေးရောဂါကုပါရဂူက တစ်သက်တာကျန်းမာရေး၊ တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ဟောပြောခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦးတို့ကို ကျောင်းကျန်းမာရေးစစ်ဆေးပေးခဲ့ကြသည်။

ထို့နောက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဟိုင်းကြီး) အတွက် အလှူငွေများ၊ ကျောင်းသား/ ကျောင်းသူများအတွက် သံချဆေးနှင့် အားဆေးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)