ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အချိန်နှင့်ငွေကို အကျိုးရှိရှိအသုံးချရန်နှင့် Quick Win ဖြစ်သည့် လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်ချက်နှင့်အညီ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ကာလရှည်စီမံကိန်းချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများရှိသကဲ့သို့ လတ်တလောပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုပြီး ထင်သာမြင်သာရှိသော လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည့် အခြေနေပေါ်မူတည်၍ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီကျရောက်မည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို အစဉ်အလာမပျက်ကျင်းပဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာတွင် စစ်တွေမြို့အတွင်း ပြည်သူထူထုကို တိုက်ရိုက်အကျိုးပြုစေမည့် Quick Win လုပ်ငန်းများ၊ ဒေသခံပြည်သူလူထုက တင်ပြတောင်းဆိုသည့် လုပ်ငန်းများအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူစစ်တွေမြို့တည် နှစ်(၂၀၀) ပြည့်အခမ်းအနားကျင်းပသွားရန်လည်းရှိသဖြင့် စစ်တွေမြို့ သန့်ရှင်းသာယာလှပစေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မြို့တော်စည်ပင်သာယာရေးနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် ကဏ္ဍအသီးသီးတို့တွင် ဘဏ္ဍာရေးနှစ်အတွင်း Quick Win အစီအစဉ်အရ ပြည်သူလူထုက တင်ပြတောင်းဆိုသည့် အမှန်တကယ် ဒေသခံများအား အကျိုးပြုပြီး မြို့သာယာလှပရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများအလိုက် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စုစုပေါင်းလုပ်ငန်း (၂၆၅)ခုအား ဆောင်ရွက်သွားရန် တင်ပြထားသည်ကို တွေ့ရှိရကြောင်း၊ Quick Win လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းထားရှိပြီးဖြစ်သည့် လုပ်ငန်းကော်မတီများအနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျသုံးစွဲဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဌာနများ၏ ရုံးများတွင် Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ခေတ္တအတွင်းရေးမှူးနှင့် စစ်တွေခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ အများနှင့်သက်ဆိုင်သော လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည့် ကဏ္ဍများအား ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)