ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် နှစ်သစ်ကူးပွဲတော် ကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၁၉

၂၀၂၅ ခုနှစ် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် (၂၁၂၀ ခုနှစ်) နှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာရှိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက မြေဝိုင်းအက(ကပန်ကောင်း)ဖြင့် ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်း၊ မိုဝိုင်လွတ်မြို့စခန်းမှူး ရဲအုပ်သိန်းထွန်းအောင်၊ SNA (891) တပ်မဟာ (၄) တပ်ရင်းမှူး ဆေစိုင်းစိုးအောင်၊ မောင်းခမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးသန့်ဇင်၊ နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြပြီး မောင်းခမ်းစံပြကျေးရွာ မောင်းခမ်းရိပ်သာဆရာတော်အရှင်ဒေဝိန္ဒက နှစ်သစ်မင်္ဂလာဩဝါဒစကား ပြောကြားခဲ့သည်။

ထိုနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ရှမ်းဓားသိုင်းအက၊ ကိန္နရီကိန္နရာမောင်နှံအက၊ တိုးနရားအက၊ ရှမ်းရိုးရာအဆိုအကများဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းနှစ်သစ်ကူးပွဲတော်ကို တန်ဆောင်မုန်းလဆုတ် ၁၄ ရက်မှ နတ်တော်လဆန်း ၁ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)