ဧရာဝတီတိုင်းဒေသကြီးအတွင်း Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်ရေး ဆောင်ရွက်၊ Contract Farming စနစ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ခရိုင်အလိုက်လျာထား 

ပုသိမ်  နိုဝင်ဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ယမန်နေ့နံနက်ပိုင်းက ဆန်စက် လုပ်ငန်းရှင်များ၊  နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုး ဖြစ်ထွန်းစေရေးဆွေးနွေးပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဘဏ်ကိုယ်စားလှယ်များ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများနှင့်ဆက်စပ်နေသည့်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းပေါ်မူတည်ပြီး ပြည်တွင်းရှိ စပါးစိုက်တောင်သူများ ထိုင်သင့်သည့် အကျိုးအမြတ်ရရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးစရိတ်များသည်လည်းမြင့်မားလာပြီး တောင်သူများအတွက်အဓိကလိုအပ်သည့် သွင်းအားစုများ၊ ဓာတ်မြေဩဇာများအား အသက်သာဆုံးဖြစ်အောင် နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်ဆန်စက်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ ဘဏ်များပူးပေါင်း၍ တောင်သူများနှင့်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားပြီး အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  Supply Chain တစ်ခုလုံးတွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံ၍ Contract Farming စနစ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ခရိုင်အလိုက်လျာထားမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် ပေါ်ဆန်းဖိုရမ်ပြုလုပ်၍ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေးကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ Export Zone တွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကိုအခြေခံ၍ စနစ်တကျဖြင့် အရည်အသွေးရှိသည့်ဆန်စပါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆန်စက်များ အရည်အသွေးကောင်းမွန်ရန်နှင့် စပါးခွံ လောင်စာသုံး Gasifier စနစ်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်း မှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုများ ဖွံ့ဖြိုး တိုးတက်အောင်မြင်စေရန်အတွက် ပါဝင်ဆက်နွယ်ကြသူအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် တောင်သူအကျိုးဖြစ်ထွန်း စေရန်အတွက် မျိုးစေ့ကုမ္ပဏီနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုများ၊ UAB ဘဏ်နှင့်ပူးပေါင်း၍ Ecosystem/Financing ပုံစံအား ရှင်းလင်းတင်ပြခြင်း၊ ကြိတ်ခွဲထွက်ရှိ လာသော ဆန်များအား TPC မှ ဆန်ပြန်လည်ဝယ်ယူပေးမည့် လုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းအမြန်ဆုံးအကောင်အထည်ဖော်ရန်လိုအပ်ချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)