ပခုက္ကူ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယနေ့နံနက် ၉ နာရီက ပခုက္ကူမြို့၊ အမှတ် (၅) ဆုကြီးပန်သီလရှင်သင်ပညာရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်အောင်မြင်ခြင်းအကြောင်းရင်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအမှုဆောင် စာရေးဆရာနေဦးမောင်က “သားတော်ရာဟုလာအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဇေယျာပိုင်ရွှေက “ဆရာနှင့်တပည့်အကြားထားရှိအပ်သော ဂါရဝတရားများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမမြမှူးသခင်က “နှလုံးသားများနွေးထွေးစေသောအိမ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား) က “ကမ္ဘာတည်သရွေ့အစဉ်မမေ့နိုင်တဲ့အမျိုးသားနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်စဉ်ထုတ်ဝေသော အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသဆိုင်ရာစာအုပ်စာစောင်များ စနစ်တကျခင်းကျင်းပြသကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခြင်း၊ ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)