သရက်ချောင်း နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောမိုးကျော်က လူငယ်များအနေဖြင့် အနာဂတ်တွင် အောင်မြင်သောလူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသော စာပေနှင့်အသိပညာဗဟုသုတများ ဆည်းပူးလေ့လာရန် လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း၊ လူငယ်များ အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပကလာရောက်ဟောပြောပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အခြေခံပညာအထက်တန်းကျောင်း(သရက်ချောင်း)မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် AI နည်းပညာ၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် စသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
နန်းခလိုက် (သရက်ချောင်း)