ကယားပြည်နယ်ဝန်ကြီးချုပ် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

လွိုင်ကော်  နိုဝင်ဘာ ၁၈

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ကလွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးတည်ချက် ၄ ရပ်တွင် ထည့်သွင်းချမှတ်ထားရှိပြီး  လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အားလုံးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ ပို့ချမည့် သင်ခန်းစာများနှင့် လုပ်ငန်းလမ်းညွှန်ပါ လုပ်ငန်းတာဝန်များကို သေချာဖတ်ရှုလေ့လာပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်စေရန်အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ မိမိတို့အား ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို နိုင်ငံ့ဝန်ထမ်းကောင်း၊ ပြည်သူ့ ဝန်ထမ်းကောင်းများ ပီသစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိက လက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်မည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ၁၈-၁၁-၂၀၂၅ ရက်မှ ၂၃-၁၁-၂၀၂၅ ရက်ထိ အင်အား(၁၁၉၅)ဦးဖြင့် သင်တန်း ၆ ကြိမ်ခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)