မကွေး နိုဝင်ဘာ ၁၈
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာလေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး လေ့ကျင့်ရေးအ-လ-ကကျောင်း Grade-8 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သော မသက်ထက်ဇင်၊ မဝင့်ရွှေရည်ကို မောင်စစ်မင်းထက်နှင့် မောင်မြတ်ဘုန်းသာတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဘဝအသိ၊ လူငယ်နှင့် အားကစားစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်၍ လေ့ကျင့်ရေး အ-လ-ကကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇင်သက်ကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ နှင့် သုတ၊ရသ၊ စာအုပ်၊စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
မောင်ခိုင်မင်း