သရက်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေး သင်တန်းကျင်းပ

သရက် နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးသင်တန်းကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက သရက်မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းက ပြောကြားရာမှာ မြန်မာနိုင်ငံအနေနဲ့အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးနိုင်ဖို့အတွက် အမျိုးသမီးများအကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို ရေးဆွဲထားရှိပြီး ဥပဒေအမြန်ဆုံး ပြဌာန်းနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေနဲ့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်တဲ့လုပ်ငန်းများ ဆောင်ရွက်ရာမှာ မူဝါဒ (၄) ရပ်၊ လုပ်ငန်းတာဝန် (၁၂) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်ဟု ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားအပြီးတွင် သရက်ခရိုင် လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ဖောဝါးက သင်တန်းကို ဆက်လက်ပို့ချပေးခဲ့ရာ အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)