အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

အောင်လံ နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ” ကို ကျင်းပရခြင်းဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိ နားလည်ပြီး ရှောင်ကြဉ်နိုင်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းအား နယ်ပယ်ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပိုမိုအားကောင်းလာပြီး တစ်ဦးတစ်ယောက်ချင်းမှစ၍ အဂတိလိုက်စားမှုမြောက်သည့်အပြုအမူများကို ရှောင်ကြဉ်ခြင်းဖြင့် အဂတိလိုက်စားမှုကို လျှော့ချလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းလှိုင်က အဂတိလိုက်စားမှုဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က အဂတိလိုက်စားမှုနှင့် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ဆက်စပ်ပတ်သက်ဆောင်ရွက်ချက်အကြောင်း၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးသွယ်က အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပြဌာန်းထားသည့် ပုဒ်မများအကြောင်း ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်စာရင်းစစ်ရုံးမှ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြဝေက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ပြည်တွင်းအခွန်များဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ဦးက အခွန်ရှောင်ရှားခြင်း/ တိမ်းရှောင်ခြင်းတို့သည် အဂတိလိုက်စားမှုဖြစ်ကြောင်း၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ကိုကိုက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ စုစုပေါင်းအင်အား (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)